သင်္ကြန်ကို ရောက်လို့ လာပြန်ပါပြီ။ အားလုံးပဲ ပျော်ရွှင်ကြပါစေ။ ငယ်ငယ်တုန်းက ဆိုရင် အိမ်မှာ သင်္ကြန်ကျပြီဆိုရင် အိမ်သန့်ရှင်းရေးလုပ်တယ်။ နောက် အိမ်ကိုကြမ်းတိုက်တယ်။နောက် မုန့်လုံးရေပေါ်တွေ၊ ရွှေရင်အေးတွေ၊ သာကူကျိုတွေကို တနေ့တမျိုး လုပ်စားကြတယ်။ ရေပြွတ်ဝယ်ပေးတယ်။ အဖွားကနေ အတာအိုးလေးတွေကို အိမ်ရှေ့မှာ ထိုးထိုးပြီး သိကြားမင်းကြီးကို ကြိုဆိုကြတယ်။ မှတ်မှတ်ရရ ကလေးဘဝကတည်းက သိပ်ကို မလည်ဖြစ်ဘူး။ အဖေနဲ့ အိမ်နားကို လမ်းလျှောက်ကြတယ်။ နောက် မြို့တော်ဝန်မဏပ်ကို သွားတယ်။ ဆူးလေစေတီမှာ ဘုရားဖူးတယ်။ မုန့်စားတယ် ပြီး ပြန်လာတာပါပဲ ။ ဘာပဲပြောပြောသင်္ကြန်ရေ ထိသွားတာပေါ့ ။ နောက်ပိုင်း ၈ တန်းလောက်မှာ ထင်တယ် ။ အိမ်က ဒိုင်နာကားလေး ၀ယ်လိုက်တယ်။ အဲဒီ နောက်နှစ်သင်္ကြန်မှာ အဲဒီကားကို ပွဲရုံပိုင်ရှင် တစ်ယောက်က သင်္ကြန်လည်ဖို့ ငှားတယ်။ သူရယ် သူ့ ပွဲရုံက စာရေးတွေရယ် နောက် အမျိုးတွေရယ် လည်ဖို့ပေါ့။ ဒါနဲ့ အဖေက ခေါ်တော့ သား ၃ ယောက် တလှည့်စီ လိုက်ရတယ်။ ပျော်စရာကောင်းလိုက်တာ ။ ကားမှာ တိုင်ကီတင်ပြီးတော့ မီးသတ်ပိုက်အသေးလေး ဆင်လိုက်တယ်။ နောက်ပြီး ရေပိုက်အသေးလေးတွေနဲ့ ။ ပျော်စရာကောင်းလိုက်တာ မဏပ်တွေက ပက်လိုက် ကိုယ်က ပြန်ပြီးပက်လိုက်နဲ့ ။ လျှောက်လည်တာ တနေကုန်တယ်။ အဲဒီတခါပဲ အားရပါးရပျော်ဖူးတယ် ။ နောက်တော့လည်း လူကြီးလည်းဖြစ်ပြန် မလွတ်မလပ်နဲ့ဆိုတော့ သိပ်ကိုမပျော်ဖြစ်တော့ပါဘူး ။စိတ်က အမြဲကို နောက်ဆံတင်းနေရတယ်။ အော် သင်္ကြန် သင်္ကြန် နောက်ကို သူငယ်ချင်းတွေနဲ့ လျှောက်လည်ပြီး ပျော်ချင်ပါသေးတယ်။